တွယ်ရာမဲ့ရှင်သန်ကျန်ရစ်ကြသူများ
ပြောင်းလဲခြင်းများဖြင့် ထာဝရတည်မြဲနေသော လူမှုဘ၀ အဖွဲ့အစည်းကြားမှာ အနေကြာလာ တာနဲ့အမျှ ကျွန်မရဲ့ ခြေလှမ်းတွေက မှန်းဆလို့မရသေးတဲ့ လမ်းသစ်တွေဆီ ဦးတည်နေချင်စိတ်ကို မနည်းဖိသိပ်ချိုးနှိပ်ရင်း ဘ၀အမောတွေကြားမှာ သက်ပြင်းတွေကို အခါခါ ချနေရပေသည်။
ဒုလ္လဘတစ်ပါးဟု တင်စားရလေသော ရခဲလှသည့် လူ့ဘ၀တစ်လျှောက်မှ လူသားတို့၏ အို၊ နာ၊ သေဘေး ၀ဋ်ဒုက္ခသည်ကား ဘ၀၏ နောက်ဆုံးကာလများတွင် မည်သူမျှ ရှောင်လွှဲ၍ မရလေသော အကြောင်းတရားများပင်တည်း။
ထိုရှောင်လွှဲ၍မရသော အကြောင်းတရားများနှင့် ရင်ဆိုင်နေကြရသော သူတို့အတွက် ၎င်းတို့၏ ဘ၀တစ်လျှောက်လုံး ကျင်လည်၊ ရှင်သန်၊ သာယာခဲ့သော မိသားစုပတ်ဝန်းကျင် အသိုင်းအ၀န်းတို့ ပျောက်ကွယ်ပျက်သုဉ်း၍ ပျော်ရွှင်မှုမဲ့ခဲ့လေသောအထီးကျန်ဘ၀သို့ ရောက်ကြရလေသောအခါ …….
နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် (၇)နှစ်တာ ကာလအတွင်း ဆင်းရဲချမ်းသာ လူမျိုးဘာသာ အသက်အရွယ်မရွေး နာရေးကိစ္စများ လိုက်လံသယ်ယူပို့ဆောင် ကုသိုလ်ယူခဲ့ကြသော ကျွန်မနှင့်တကွ လုပ်ဖော်ကိုင်ဖက် ပရဟိတ ညီအစ်ကိုမောင်နှမများအတွက် လူသားတစ်ယောက်၏ ဘ၀နိဂုံးအဆုံးသတ်ချိန် တွင် အကြောင်းတရား အမျိုးမျိုးနှင့် လူ့ဘ၀ထဲမှ ထွက်ခွာသွားကြသူပေါင်းများစွာကို တွေ့မြင်ခဲ့ကြရသလို၊ ကျန်ရစ်သူတို့၏ ဘ၀ရှင်သန်မှု များစွာကိုလည်း မျက်မြင်ကြုံတွေ့ခဲ့ရခြင်းမှ တစ်ဖန် ပဟေဋ္ဌိပေါင်း များစွာနှင့်လည်း ရင်ဆိုင်ခဲ့ရပြန်သေး၏။
မိသားစုပေါင်းများစွာထဲက ထွက်ခွာနေကြသည့် တစ်ယောက်ချင်းသော ဘ၀ကူးကောင်းသည့်၊ မကောင်းသည့် သူတွေ၏နောက်မှာ ………
"ကျွန်မတို့ ဘယ်သူ့ကို အားကိုးရတော့မှာလဲ" ……..
"သမီးတို့ကို ပစ်ထားခဲ့ပြီလား အမေရဲ့" ………..
"ကျုပ်တို့ရဲ့ဒုက္ခတွေကို ဘယ်သူလာကယ်တော့မှာလဲ ကျေးဇူးရှင်ကြီးရဲ့" ………
စသည့်
အသံပေါင်းများစွာက ဘ၀ကို ဆက်လက်ရုန်းကန် ရင်ဆိုင်နိုင်ရန်ကိုတော့ ဘယ်နည်းနှင့်မဆို အင်အားတစ်စုံ တစ်ရာကို ဆုပ်ကိုင်မိဖို့ ကြိုးစားနိုင်ကြဦးမည်ပင်။ တစ်သက်တာချစ်မြတ်နိုးစွာ အတူတကွ နေထိုင်လာကြရသော မိသားစု၏ ပျော်ရွှင်မှု၊ သံယောဇဉ်၊ကျေးဇူးတရားနှင့်ခိုင်မြဲသောမေတ္တာနှောင်ကြိုးကြားမှ ရုန်းထွက်သွားသူအတွက် ယူကျုံးမရ သည့် သောကဗျာပါဒတွေ ကို လည်း ကြားရသူတိုင်း စာနာနားလည်နိုင် ကြပါသည်။
ကျွန်မအတွက် တကယ်တမ်း ရင်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းပြီး မေ့ပစ်၍မရနိုင်သည့် ထွက်ခွာသွား ကြသူတို့နှင့် ကျန်ရစ်ခဲ့ကြသူအချို့၏ ဘ၀များသည်ကား . . . . . . .
အချိန်ကာလကို အတိအကျ ပြောမပြလိုပေမယ့် မကြာခဏ တွေ့ကြုံရသော အဖြစ်အပျက်များပင် ဖြစ်သည်။
ပထမဦးဆုံး ကျွန်မရင်ထဲကို ၀င်ရောက်ခဲ့ဖူးသည့် သက်ကြီးရွယ်အို တစ်ဦးကား ရန်ကုန်မြို့ထဲမှ သူကိုယ်တိုင်ပင် အမေ့မေ့အလျော့လျော့ ဖြစ်နေပြီဖြစ်သော သူပိုင်တိုက်ခန်းတစ်ခန်း၏ အတွင်းမှာဖြစ်သည်။ ၆ပေ- ၉ပေ ခန့် နောက်ဘက်ကျကျ မှောင်မိုက်နံစော်နေသော အခန်းကျဉ်းကလေးထဲတွင် သူ့ကို ကျွန်မ မကြာခဏသွားရောက် တွေ့ဆုံခဲ့ရဖူးခြင်းကြောင့် ဖြစ်သည်။
တင်ပဆုံရိုးကျိုးပြီး အောက်ပိုင်းချိနေသော ထိုအမေအိုသည် မိဘဘိုးဘွားအစဉ်အဆက် တောင့်တောင့်တင်းတင်း နေလာကြရာမှ သက်ကြီးရွယ်အိုဘ၀တွင် ဆွေမရှိ မျိုးမရှိ မောင်နှမနှစ်ယောက် ကိုယ်ပိုင်တိုက်ခန်းကလေးဖြင့် အဖော်ရအောင် ဆွေမျိုးနီးစပ်တော်သူ မွေးစားသားက အိမ်ထောင်ကျ၊ ကလေး ဘုစုခရုနှင့် အဘိုးကြီး၊ အဘွားကြီးမောင်နှမအတွက် အဖော်မရဘဲ အစ်ကိုကြီး (၇၈)နှစ်က ညီမ (၇၅)နှစ်အား မုန့်ထွက်ဝယ်ပေးပြီး ပြင်ကျွေးရသည့် အခြေအနေ ရောက်လာသည်။ တစ်နေ့ ထိုအစ်ကိုကြီး ဆုံးသွားသောအခါ ညီမ အမယ်အိုအတွက် အခက်တွေ့ရသည်ကား….. အားကိုးစရာ ကောက်ရိုးတစ်မျှင်ပင် လက်လှမ်း၍ မမီနိုင်လောက် အောင် သောက ရောက်ရတော့သည်။
မွေးစားသားအမည်နှင့် လွှဲပေးထားခဲ့သော တိုက်ခန်းကလေး၏ နောက်ဘက်ကျကျ အခန်းကလေးဆီသို့ သီးသန့် လွတ်လွတ်လပ်လပ် နေရအောင်ဟူသော အကြောင်းပြချက်ဖြင့် ရွှေ့ပြောင်းခံ လိုက်ရပြီးနောက်တွင်မူ အဘွားအိုခမျာ လူသူအရိပ်အယောင်ကိုပင် မြင်တွေ့ရခွင့် နည်းပါးသွားရပြန်ပါသည်။
အကွက်မပေါ် နံစော်မာခေါက်နေသော ခန်းဆီးလိုက်ကာ၏နောက်မှ မှောင်မိုက်မိုက်အခန်းကလေးထဲ တွင် ရေမိုးချိုးပေးမည့် သူမရှိ၊ ဆံပင်ဖြီးသင်ပေးမည့်သူမရှိ၊ ထမင်းစားချိန်တွင် ထမင်းနှင့်ဟင်းကို သူ့အတွက် သတ်မှတ်ပေးထားသော ပန်းကန်ထဲတွင် တစ်ခါပြင်စာကလေးပုံ၍ လိုက်ကာအောက်မှ ထိုးသွင်းပေးလိုက်သည့် အတွက် ထမင်းကလေးတော့ဖြင့် ဟင်းကောင်းကောင်းနှင့် မဟုတ်တောင် ကျွေးဖော်ရ၍ ကျေးဇူးတင်ရပေသေး သည်။ သည်အဘွားအိုနှင့် အသိအကျွမ်းဖြစ်ခဲ့ဖူးသော စာပေနယ်မှ ကျွန်မ၏အစ်မကဲ့သို့သော ဆရာမကြီး တစ်ယောက်ကြောင့် ထိုဒုက္ခိတ အဘွားအိုနှင့် ကျွန်မ ကာလအတန်ကြာ ဆက်သွယ်ပတ်သက်ခဲ့ရဖူးခြင်း ဖြစ်သည်။
"မမတို့ သွားလာဝင်ထွက်ရင် သူ့အိမ်က မိသားစုက မကြိုက်ချင်ဘူးညီမရေ…၊ သူတို့သိက္ခာကျတယ်လို့ ယူဆတယ်ထင်ပါရဲ့၊ အဘွားကြီးခမျာ ကလေးတစ်ယောက်လိုပဲ အပေါ့အလေးစွန့်ချင်ရင်လည်း လက်နှစ်ဖက်ကို အားပြုပြီး ဖင်ဒရွတ်ဆွဲနဲ့ လိုက်ကာကြားကထွက်ပြီး မနီးမဝေးရှိ အိမ်သာလေးဆီ ရောက်အောင် သွားရတာ။ လမ်းမှာထွက်ကျလို့ ပေကျံရင်လည်း ငြိုငြင်ငေါက်ငမ်းခံရသေးတော့ အန္တရာယ်ကို မလွယ်နိုင်မှာစိုးတော့ သူ့ခမျာ အစားအသောက်တောင် သိပ်မစားရဲရှာပါဘူး။ အဲဒီ အဘွားကြီးအတွက် မရှိမဖြစ် အရေးကြီးတာက ဖယောင်းတိုင်နဲ့ မီးခြစ်ပဲ။ မမက တစ်လတစ်ခါ ဖယောင်းတိုင်အသေးကလေးတွေရယ်၊ မီးခြစ်နဲ့ အ၀တ်အစားတစ်စုံ၊ ပြီးတော့ မုန့်ကလေးနည်းနည်း ဒါမှမဟုတ် သူစားချင်တာစားရအောင် ပိုက်ဆံကို အကြွေကလေးတွေအမ်းပြီး အဲဒီအိမ်သားတွေ ငြိုငြင်နေတဲ့ကြားပဲ သွားသွားပို့ပေးနေရတယ်။ သူ့အခန်း ကလေးထဲမှာက နေ့ညမပြတ် ဖယောင်းတိုင်ထွန်းထားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကြွက်တွင်းပေါက်တွေနဲ့ ပြည့်နှက်နေပြီး မြေကြီးတွေ၊ အမှိုက်တွေ ပွစာကြဲနေတဲ့အတွက် အလင်းရောင်ကလေး နည်းနည်းမှမရှိရင် မြေကြွက်တွေက လူကို လာလာကိုက်နေလို့ပဲ။
အို……ဖြစ်မှဖြစ်ရလေးနော်၊ ….ကျွန်မရင်ထဲ ကျင်ခနဲ ဖြစ်သွားခဲ့သည့် ထိုခံစားမှုက ခုချိန်ထိ မပြေနိုင်သေးပါ။
"ချေးညှော်အထပ်ထပ်နဲ့ ဖြစ်သလိုနေရတဲ့ သူ့အတွက် တစ်လတစ်ကြိမ်ပို့ပေးတဲ့ တစ်ပတ်ရစ်ဝတ်စုံ တစ်စုံက တစ်လလုံးအတွက် တစ်ခါသုံးပစ္စည်းပေါ့။ မုန့်ဖိုးပေးရင် အိမ်က ကလေးတွေက မုန့်ဝယ်ပေးတယ်။ ဒါပေမယ့် မုန့်ဝယ်မယ့်ပိုက်ဆံရော၊ သူတို့ကို မုန့်ဝယ်ခပေးရတဲ့ပိုက်ဆံပါ အတိအကျပေးလိုက်မှ၊ ဒါမှမဟုတ်ဘဲ ပြန်အမ်းရမယ့် ငွေစက္ကူပေးလိုက်လို့ကတော့ ဘယ်တော့မှ ပြန်မရဘူးဆိုပဲ။ ကိုယ့်မလဲ ခေါ်ထားစရာနေရာက မရှိ၊ သူနဲ့အတူနေသူတွေကလည်း လူမှုရေးအသိနဲ့ စေတနာကခေါင်းပါးတော့ အရင်တုန်းက သူ့ကို မြင်ဖူး၊ တွေ့ဖူး သိခဲ့ဖူးတဲ့ လူတစ်ချို့ ဒီပတ်ဝန်းကျင်မှာရှိနေသေးရင်တောင် ဒီတိုက်ခန်းလေးရဲ့နောက်ဖက် အမှောင်ထဲမှာ ဒုက္ခိတအမေအိုကြီးတစ်ယောက် ရှိနေတယ်လို့ ဘယ်သူမှ ထင်မှာမဟုတ်ကြတော့ဘူး။
သူ့ကို မေ့ကုန်ကြရောပေါ့လို့ သတိရတဲ့အခါ ပြောလေ့ရှိတယ်"
နောက်ဆုံးတော့ ထိုအစ်မပေးသော အလုပ်တာဝန်ကို ကျွန်မ လိုလိုလားလားပင် လွှဲယူလက်ခံလိုက်ပြီး အလိုမကျသော မှုန်ကုပ်ကုပ်မျက်နှာတွေကြားမှာ တစ်လတစ်ကြိမ် မျက်နှာပြောင်တိုက်ကာ ကျွန်မ
ထိုအဘွား အိုထံ သွားရပါတော့သည်။
ချေးအထပ်ထပ်နှင့် ဂျပ်ခဲလိန်ကျစ်နေသော ဆံပင်များ၊ နံစောပေပွနေသော အ၀တ်အစားများနှင့် ပိန်လှီလှီ ချည့်နဲ့နဲ့ခန္ဓာကိုယ်ပိုင်ရှင်၏ အရောင်မှိန်မွဲနေသော မျက်ဝန်းများကိုတော့ ကျွန်မ ဘယ်အချိန်အခါ တွင်မှ မေ့ပျောက်နိုင်လိမ့်မည် မထင်မိပါ။
ကျွန်မနှင့် အခါများစွာ တွေ့ပြီးသော တစ်နေ့တွင် ထိုအဘွားအိုမှာ လူ့လောကကြီးထဲမှ ထွက်ခွာခွင့် ရသွားရှာလေသည်။ ထိုအခါ ကျွန်မသည် သံယောဇဉ်ကြိုးတစ်မျှင်ကြားမှပင် ၀မ်းပန်းတသာ ရေရွတ်လိုက်မိ သည်မှာ ……………………
"၀ဋ်ကျွတ်သွားပြီပေါ့ အဘွားရယ်" ဟုသာ……………………
သန်းမြင့်အောင်